မမေးနဲ့...
ငါလုံးဝ ဖြေမှာမဟုတ်ဘူး
မင်းနောက်ကို
ဘာလို့တကောက်ကောက် လျှောက်လိုက်မိနေသလဲဆိုတာ...။
မကြည့်နဲ့...
ငါလုံးဝ ရင်ခုန်မှာမဟုတ်ဘူး
ယုန်တစ်ကောင်လို
ဖြူစင်ကြောက်မွှတ်တဲ့ မင်းရဲ့ အကြည့်
ငါ... မသိချင်ယောင်ဆောင်နေလိုက်မယ်...။
ရင်ထဲမှာ...
ဒဏ်ရာနှစ်ချက်ရှိခဲ့ဖူးတယ်
လူတွေကတော့...
"အလွမ်း"လို့ နာမည်ပေးတတ်ကြတယ်...။
မလာနဲ့...
ငါလုံးဝ လျှောက်မှာမဟုတ်ဘူး
ကြေကွဲခြင်းတို့နဲ့သာ
ပြည့်နှက်နေမယ့်ဒီလမ်း
အပေါ်ယံမျှသာ ပန်းခင်းထားတာပါ...။
မယုံမရဲ...
ကြုံခဲ့ရတဲ့ လောကဓမ္မတာ
တစ်ဘဝစာအတွက်
ရင်ထဲမှာ... မှတ်သားထားလိုက်ပါပြီ။
"အနမ်း"တဲ့လား...
ပန်းအဖြစ်ဖန်ဆင်းထားတဲ့
ဆူးကရောင်းတို့ရဲ့ 
ဂူပေါက်ဝ လမ်းစမျှသာပါ...။
ကိုယ့်ကိုယ်ကို ပြန်လည်နှိပ်စက်
မင်းအကြောင်းသာ တွေးနေမိတာကြောင့်
တစ်ခါတစ်လေမှာ...
မင်းရှိရာ ငါအပြေးလာပြီး
"ချစ်တယ်"လို့ ရင်ကိုဖွင့်ချပြလိုက်ချင်တယ်...။
ဒါပေမယ့်...
ဘယ်တော့မှ
ငါပြောထွက်မှာ မဟုတ်ဘူး။
ရင်ထဲမှာ...
ရင်ဘတ်ထဲမှာ...
ထိရှခဲ့တဲ့ သွေးမဲ့ဒဏ်ရာနှစ်ချက်
အပျက်ပျက်နဲ့
နှာခေါင်းသွေးသာ လျှံထွက်ကျပါစေ
"အလွမ်း"ပါလို့တော့...
ငါဝန်ခံဖို့ သတ္တိကို မရှိသေးဘူး။
မင်းဘက်က...
ဘယ်လိုပင် ရေလာမြောင်းပေး
အသေအချာကို
အက်ကြောင်းထေးထားခဲ့တဲ့
နှလုံးသားရဲ့  ကွဲအက်အစိတ်မြွှာ
ငါ... မေ့လိုက်လို့ကို မရတော့တာပါ။
"အလွမ်း"တဲ့...
လူတွေက သမုတ်ကြတယ်
ဘာပဲဖြစ်ဖြစ်...
ဒဏ်ရာက ဒဏ်ရာမျှသာပါပဲ...
ကြက်ခြေခတ်ပဲဖြစ်ဖြစ်
အမှန်တရားရဲ့  အမှတ်အသားပဲဖြစ်ဖြစ်ပေါ့.....။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment