Friday, January 22, 2010

ကျေးဇူးပြု၍ နားဆင်ပေးပါ

မ ကို
အမုန်း စကားဆယ်ခွန်းဆိုပါ။
သို့ငြား
မျက်လုံး အစုံမှိတ်
နှုတ်ဆိတ်နေဖို့ မလိုအပ်ပါ။

မ ကို
ဆိုဖူးတဲ့ ချစ်စကား ဆယ်ခွန်းထက်
မောင့် ဂရုစိုက်မှုတွေက
မ နှလုံးသားကို လှုပ်ရှားစေခဲ့တာ။

ဒီလိုနဲ့ပဲ
အိပ်ပျော်နေတဲ့
မ နှလုံးသားကို
မောင် နှိုးလို့
မ ရင်တွေလေ လှိုင်းဂယက် ထစေပြီးနောက်
အကြိမ်တစ်ရာ မက
စိတ်ကူးယဉ် အိပ်မက်တွေနှင့်
မ ဖန်တီးချင်နေတဲ့
အပြစ်မဲ့ အနာဂတ် ဆိုတာ
နှုတ်ဆိတ်စွာ နေပစ်ဖို့ ကြိုးစားချင်တဲ့
မောင့် အပြုအမူတွေကြောင့်
ပျောက်ဆုံးတော့မှာလား။

အကြွင်းမဲ့ ချစ်ခြင်းနှင့်
ဆက်ချစ်ဖို့ ကြိုးစားနေတဲ့
မ ရင်အစုံကို ခြေစုံပစ်လို့
မောင် ပြေးထွက်ခဲ့ရင်
မ စကားတစ်ခွန်း မဆိုအပ်ပါ။

ဒါပေမယ့်
အမှတ်တမဲ့ ထွက်ပေါ်လာမယ့်
ရှိုက်သံ တစ်ချက်တော့
ကျေးဇူးပြု၍ နားဆင်ပေးပါ။

No comments:

Post a Comment