Sunday, January 31, 2010

ကျိန်စာသင့်ဝိညာဉ်

ငါ့ကမ္ဘာတစ်ခုလုံး မိုးတွေပြိုနေခဲ့
ခြေလှမ်းတွေကချိနဲ့ လို့ သွေးပျက်
ခရီးဆက်နေပေမယ့်...
တစ္ဆေ တစ်ကောင်လို ခိုကိုးရာမဲ့...

အေးစက်တဲ့အထီးကျန်ည
နှလုံးသားထောင့်တစ်နေရာက
အလွမ်းအဆွေးတွေဖိတ်အန်ကျ
ငါ့အချစ်တွေအနာတရ ...
ခပ်ဝါးဝါး အတိတ်နေ့ စွဲတွေထဲက
တွဲခွင့်မရတော့မယ့်လက်တစ်စုံ
တစ်သက်လုံးစာအတွက်
နှုတ်ဆက်ခွင့်တော့ရှိချင်ရဲ့ ...

ပြက္ခဒိန်ဟောင်းတစ်ခုပေါ်က
ရက်လွန်ဆွေးမြေ့ နေတဲ့ ငါတို့ ရဲ့ အတိတ်တွေ
ဆုတ်ဖြဲပြစ်ရုံနဲ့ ပျောက်ပျက်သွားမှာလား ...
နင်ကတော့ဖျောက်ဖျက်ပြစ်နိုင်မှာပါ ...
တစ်ခါတစ်ခါ ယောင်ယမ်းပြီး
နေရာတကာမှာရှာကြည့်နေမိသေးတယ်
နင့်အရိပ်တွေမြင်လိုမြင်ငြား ...

မှတ်မှတ်ရရ သတိရတမ်းတ
ထပ်ကြည့်ခွင့်မရှိတော့တဲ့ နင့်မျက်နှာ
ရင်ကိုလာလာရိုက်ခတ်
နင်ရေးခဲ့တဲ့အယောင်ဆောင်စာလုံးတွေ
အခါခါ ငါလေပြန်ဖတ်
နွမ်းလျစွာ ငါထပ်ငိုရှိုက်ခဲ့ ...
ငါ့နာကျင်မှုတွေ နင့်ဆီကိုရွက်လွင့်ချင်တယ်
ဒီတစ်ညတော့ ငါပိုင်ပါရစေကွယ်
အတားအဆီးမဲ့ ငါ့မျက်ရည်တွေကြွေမယ် ....

ခြောက်ကပ်ကပ်အခန်းငယ်ထဲက
အပိုလူတစ်ယောက်ရဲ့သိမ်ငယ်မှုတွေအတွက် ...
အပြင်ဘက်မှာ .... နှင်းတွေတောင်ငိုနေတယ် ....

ဒါနောက်ဆုံးပါပဲ ....
ရင်ခွင်အသေတစ်ခုနဲ့ 
တစ်ချိန်ချိန်တော့ ငါပြုံးတတ်လာမှာပါ ....
ဟိုအရင်လို ရိုးသားဖြူစင်မှုတွေ ပုတ်သိုးပျက်စီးခဲ့ ...
မာနတွေလည်းထက်ပိုင်းကျိုးခဲ့ ...
ငါ့ ရဲ့ ဒီလိုအဖြစ်ဆိုး
နောက်ကွယ်မှာ နင်တီးတိုးပြောရင်း ရယ်နေမှာလား...?

ရာဇ၀င်တွေဖြိုပြီးရှေ့ဆက်တိုးခဲ့တာ
မနာကျင်တတ်လို့ မှမဟုတ်ပဲ ...
ပြိုလဲနေတဲ့ သိက္ခာတွေ
ငါပြန်အားနာသင့်နေပြီထင်တယ်လေ ...

တစ်ချိန်က ငါ့ ချစ်သူရယ်
အမည်ခံနှင်းမိုးတွေလို... စိုရုံလေးစိုခဲ့တဲ့
အပေါ်ယံနွေးထွေးမှုတွေ
မတောင့်တတတ်တော့တာ ကြာနေခဲ့ပါပြီ ...

တစ်ရစ်ပြီးတစ်ရစ် ညိတွယ်ရစ်ခဲ့ ... ဒီနှောင်ကြိုးတွေ
ဘယ်လိုပုံစံမျိုးနဲ့ ပဲ နင်ရိုက်ချိုးပစ်ခဲ့
ခိုတွယ်ရာ ရင်ခွင်မဲ့ချိန်မှာ ... နင်ငိုမှာကိုတော့ စိုးပါတယ် ...

မှိုတက်နေတဲ့အတိတ်ကဓါတ်ပြားဟောင်းတစ်ချပ်
အမြတ်တနိုးသိမ်းဆည်းထားမိတဲ့ ငါ့ရဲ့အပြစ် ...
နှစ်တစ်နှစ်တောင်ထပ်ပြီးပျက်သုန်းသွားပြန်ပြီ ...
အလိုက်မသိပေးဆပ်မှုတွေမလုံလောက်သေးဘူး ...
အိပ်ပျက်နေခဲ့ ရင်ကွဲညတွေ
အတင်းကြိတ်မှိတ်ထားတယ်
နင်မသိပါဘူး.....
ဖြေးဖြေးလေးသတ်တဲ့ နင့်ရဲ့ရက်စက်မှုတွေ
တမြည့်မြည့်နဲ့ ငါ့ကိုအထပ်ထပ်နှိပ်စက်နေတုန်းပါပဲ ...

မမျှုတတဲ့ကံတရားနဲ့ မွန်းကျပ်နေတဲ့စိတ်ဓါတ်...
ယှဉ်ပြိုင်ပြီး လွန်ဆွဲ
တစ်နှစ်စာဒါဏ်ရာတွေကိုဖက်တွယ် ...
ရင်နာနာနဲ့ ဆက်ပြီးတော့ ရှင်သန်ခဲ့ပါတယ်
အချိန်တွေတောင် ကြာနေခဲ့ပြီပဲ ...
နင့်ဘ၀ထဲမှာ ငါသေဆုံးခဲ့တာတော့
ဘယ်နှစ်ရာသီတောင် လွန်ခဲ့ပြီလဲ.......

No comments:

Post a Comment