Monday, February 1, 2010

ဆေးခါး

ပန်းတိုင်လွဲခဲ့တဲ့ ဆူးလမ်းခရီးဟာ
ငါတို့ ရဲ့ ပျံသန်းရာပေါ့ ...
ကိုယ်စီလားရာတွေနဲ ဘောင်ခတ်ခဲ့ကြတော့
အမှန်တရားနဲ့ အမှားအယွင်းက
ညီမျှခြင်းတွေမရှိဘဲ ကျောချင်းကပ်နေခဲ့တယ်
သတ်မှတ်ချက်တွေလည်း
ပုံစံမကျပဲ လွဲချော်လာခဲ့ ...
တိုက်တိုက်ဆိုင်ဆိုင်ဝေးနေခဲ့လည်း
ဘယ်သူမှားနေလည်းလို့ မမေးထိုက်ပြန်ဘူး

ဂုဏ်ဒြပ်ကြောင့်လား
အသိုင်းအ၀ိုင်းရဲ့ ရပ်တည်ချက်ကြောင့်လား
မှိန်ဖျော့လွန်းတဲ့ အနာဂတ်အိပ်မက်တွေကြောင့်လား
သိတတ်မှုတွေက တည်ရှိနေမှုတွေထက်
ပိုရင်နာစရာကောင်းတယ်
`အစ´ ဆိုတာကို နင်မပေးခဲ့ရင်
ငါတို့ နှစ်ယောက်လုံး
`အဆုံး´ ကိုလိုအပ်ခဲ့မှာမဟုတ်ဘူး

ထိပ်တိုက်ရင်မဆိုင်ချင်လည်း
ပိတ်ဆို့ နေတဲ့ တံတိုင်းများ
ခြားနေတဲ့ တံတားများ
တားထားတဲ့ အနီရောင်စဉ်းမျဉ်းများ
တစ်နေ့ တော့လည်း ...
ကြားစကားများနဲ့ ပဲ နင်ငါ့ကို ထားချင်ထားခဲ့

နိမိတ်ပုံတွေဟာ ယုံတမ်းစကားတွေရဲ့ အနာဂတ်ပဲလား
တစ်ခါတစ်လေလည်း ...
မိုင်တိုင်တွေကို ကျော်လွန်ရင်း
မျှော်လင့်ကာ ရူးသွပ်ခဲ့ဖူးသမျှလည်း ... သဲထဲရေသွန်
တကယ်တမ်းမှာ …
တွေဝေမှုတွေ နင်ဖက်တွယ်ခဲ့သည့်တိုင်
ငါပျော့ညံ့လို့ ငါပဲ ရင်တွေကွဲခဲ့တာပါ
အရှုံးတွေကတော့
ငါ့မျက်ဝန်းမှာ မိုးလို သည်းနေတုန်းပဲ ...
နင်ကတော့ မသိသလိုနဲ့ 
`အလဲအကွဲ´ ကိုပဲ ထပ်ခါရေရွတ်နေခဲ့တယ်

မိုးတိမ်တစ်ခုရဲ့ ခိုတွယ်ရာဟာ
ရက်စက်တတ်တဲ့ ကောင်းကင်တော့ မဖြစ်သင့်ဘူးလေကွယ်
ရာသီတွေမကုန်ဆုံးချိန်ထိ
စေတနာတွေထစ်ချုန်းကာ ရွာသွန်းခဲ့လည်း
အချစ်ရယ် …
နင်ကတော့ ... ခါးခဲ့တယ် ... ။

2 comments:

  1. အမှန်တရားနဲ့ အမှားအယွင်းက ညီမျှခြင်းတွေမရှိဘဲ ကျောချင်းကပ်နေခဲ့တယ်...

    ReplyDelete
  2. အမှန်တရားနဲ့ အမှားအယွင်းက ညီမျှခြင်းတွေမရှိဘဲ ကျောချင်းကပ်နေခဲ့တယ်...

    ReplyDelete