Sunday, February 21, 2010

လွမ်းတယ်

အတွေးတိုင်းမှာမင်းရှိ
ကြည့်လေရာတိုင်း မင်းသာမြင်မိတယ်
ခက်ပါရဲ့
မျက်နှာများသူရယ်
ငါ့နှလုံးသားကို မင်း
ဘာ့ကြောင့် အရောင်စွန်းစေခဲ့တာလဲ
ငါ့စိတ်ကို မင်း
ဘာ့ကြောင့် အပိုင်စိုးခဲ့တာလဲ
မထီတရီ မျက်နှာထားနဲ့
ခပ်တွန့်တွန့် နှုတ်ခမ်းလေးရယ်
ဘာ့ကြောင့်များ အပြုံးထူးလေးကို ပြုံးတတ်တာလဲ
ဆေးလိပ်ကို ငါမကြိုက်ပေမဲ့
ဆေးလိပ်သောက်တတ်တဲ့ မင်းကိုချစ်တယ်
ကွမ်းစားတာမနှစ်သက်ပေမဲ့
ကွမ်းစားတဲ့ မင်းကို ချစ်တယ်
အရက်ကို ငါမုန်းပေမဲ့
အရက်သောက်တဲ့မင်းကို ချစ်တယ်
အချစ်ဆိုတဲ့ခံစားချက်က
ဘ၀မှာ အရေးပါသလား
လက်တွဲဖော်ဆိုတဲ့နေရာမှာ
မင်းလိုလူမျိုးရွေးဖို့ သတ္တိမရှိခဲ့တာ အမှန်ပါ
“ဦးဏှောတ်ကြီးရယ်
နည်းနည်းပဲ အလုပ်လုပ်ပါ
အမှားအမှန်ခွဲခြားနိုင်စွမ်းတွေ
နည်းနည်းလောက် လျော့ပေးပါ
သူ့ကိုငါ မမေ့နိုင်လို့ပါ”
“ကောင်လေးရယ်
အချစ်အတွက် ဘ၀အပျက်ခံမလား
အချိန်နဲ့သာကုစားလိုက်ပါ
နောက်ထပ် တွေ့ဆုံနိုင်သူတွေရှိပါသေးတယ်”
မင်းကိုတွေ့တိုင်း
လှည့်မကြည့်ဖို့ ကြိုးစားရင်း
မမြင်ချင်ယောင်ဆောင်ခဲ့မိတယ်
မင်းရဲ့ အရိပ်ကလေးမြင်ရုံနဲ့
ငါရင်ခုန်တတ်တာမင်းမှ မသိပဲ
မင်းစကားသံတိုင်းမှာ
နားမထောင်သလိုနဲ့
မကြားချင်ယောင်ဆောင်ခဲ့မိတယ်
ငါ့နှလုံးသားကတော့
မင်းအသံလေးမှာပျော်ဝင်တတ်တာ မင်းမှ မသိပဲ
ချစ်တယ်
ဝန်မခံရဲတဲ့ စကားက
ရင်ထဲမှာ ပြည့်နှက်
ဘာမှ မစားချင်မသောက်ချင်လောက်အောင်ကို
ပြည့်ကျပ်နေတယ်
ဦးဏှောက်ရေ ဘာ့ကြောင့် တွေးတတ်တာလဲ
ငါ့နှလုံးသားက ဘာကြောင့် ချစ်တတ်တာလဲ
မေးခွန်းတွေနဲ့ လည်
ငါ့မှာတော့ ဂျာအေး သူ့မေ ရိုက်နေသလိုပါပဲ
မတွေ့အောင်ရှောင် မတွေ့အောင်ပုန်း
အမုန်းကြောင့်မဟုက်ပါဘူး
အချစ်တိုးမှာ စိုးခဲ့မိလို့ပါ
သတိရခြင်းလား လွမ်းခြင်းလား
ငါ့ကိုယ်ငါ မမေးရဲ
မင်းကိုမေ့ဖို့ ငါ..ကြိုးစားဆဲလေ
နွေ..မိုး..ဆောင်း
ရက်တွေလည်းပြောင်းခဲ့
ဘာလိုလိုနဲ့ တစ်နှစ်ခွဲခဲ့ပြီ
ပြန်တွေ့ရင်ရင်ခုန်ဦးမလား
မေးစရာမလိုခဲ့
မင်းအကြောင်းတွေးရုံနဲ့
ရင်မှာနွေးနေဆဲပဲ
ကျေနပ်ပါတယ်
အဝေးကငေး အဝေးကလွမ်း
ငါရွေးခဲ့တဲ့လမ်းပဲလေ
ခုချိန်ထိတော့
ငါ့ခဲဆွဲပန်းချီတိုင်းဟာ မင်းပုံရိပ်သာဖြစနေဆဲ
အလွမ်းတွေနဲ့ငါ တစ်ယောက်တည်းနေနေဆဲ
အချစ်ဆိုတာကလည်း…………..
တစ်စုံတစ်ယောက်အတွက် ဖြစ်နေဆဲလေ။

No comments:

Post a Comment