Tuesday, February 23, 2010

ဖြူစစ်တဲ့ ဗလာ

အချစ်ဆိုတဲ့ အရာ
တစ်ဆိတ်လောက် ပြောပြပါလားဟင်
ငါ့လေ မကြုံစဖူး
ချိုမြူးပါတယ်ဆိုတဲ့ အချစ်
ဘုရားသခင် သတိလစ်ဟင်းလို့
ငါ့ အတွက် မဖန်ဆင်းပစ်ခဲ့ဘူး
ဒီတော့ .........
အများအမြင်မှာတော့
ငါ့ ဟာ သနားစရာပေပေါ့။
အံ့ဖွယ်အတိပြီးတဲ့
အချစ်ဆီမီးကို
လူအသီးသီးဆင့်ကူးလို့
ပျော်ရွှင်မြူးတူးစွာနဲ့
သူတို့ရင်မှာလည်း
အချစ်ပွင့်တွေ အခဲလိုက်
ငွားစွင့်နေလိုက်ကြတာ
ဒါကိုတော့ ........
ငါ့ အားကျမိပါရဲ့
အားထုတ်ရပုံကိုတော့ မသိခဲ့
အသိနတ္ထိနဲ့လူ တဲ့လေ။
အို အချစ်ဆိုတာ
လောင်စာ သက်သက်ပါလို့
တစ်ခါက သိဖူးခဲ့တယ်။
သူ့ သတ္တိက ဘာနဲ့ထိထိ
တအိအိလောင်စေလေရဲ့
တစ်ခါတစ်လေတော့
သာယာစေတဲ့ သဘော
တစ်ချို့ မနောကိုပေးပြိး
စိတ်နှလုံးအေးစေသတဲ့
ဒီသဘောကို တွေးမိလို့
စိတ်အေးနေဖို့မလွယ်
သူကွယ်ချင်လျှင် ဖျတ်ခနဲ
ဆတ်ခနဲကွဲတဲ့ ကြွေပန်းကန်
အို...... အမှန်ပဲ ဆန်းပြားလို့
အန္တရာယ်လဲ များလှတဲ့
အာဂ တန်ခိုးရှင်ပေလား။
ဒီတော့လေ
ငြိမ်းအေးကြည်သာ
ငါ့ ကမ္ဘာကို
အချစ်ဒဏ်က ကင်းကွာလို့
စဉ်းငယ်မျှ မပူမပင်
ဗျာပါဒ မြူမျှမထင်ဘဲ
ငါ့သခင် ငါပင်ဖြစ်လို့
အချစ်ရင်မှာ မကိန်းသော်လည်း
အေးငြိမ်းပါဘိခြင်း။

No comments:

Post a Comment