Monday, January 11, 2010

အလွမ်းနာ

ငိုချင်နေတဲ့စိတ်ကိုမှ
လာပြီးလက်တို့ တာ ခံလိုက်ရတော့
အလိုက်ကမ်းဆိုးမသိတဲ့အလွမ်းတွေက
ငါ့ရင်ကို
လာ လာပြီးနမ်းကြတယ်..။

အပြုံးတွေကျက်စားတဲ့မှော်ရုံမှာ
ငါ့ညတွေလည်း သန်းခေါင်ထက်ညည့်နက်ခဲ့ရ
မိုးတွေသာ အကြိမ်ကြိမ်လင်းခဲ့ပေမယ့်
လမင်းကို မမြင်ခဲ့ရတော့
လွမ်းစရာ ရှိသမျှ
နာစရာနဲ့ ဖြေတတ်ခဲ့ချင်ရဲ့ 
သေချာတယ်
ငါ့ရဲ့ ကိုယ်ရေးကိုယ်တာဆိပ်ကမ်းမှာ
ပန်းသဘောင်္မဆိုက်ကပ်ခဲ့ဘူးဆိုတာ..။

နင်ပျော်နေမယ် တစ်ခွန်းတည်းပြောလိုက်ပါ
............................
ဟိုးးး အဝေးက
ကြယ်တွေကို တမ်းတရင်း
နင့်ရင်ကိုနာကျင်စေခဲ့တဲံ့
စကားတွေ အတွက်...
နင်ပေါက်ကွဲမယ့်ဒေါသတွေအတွက်
မောင်ရယ်...
တစ်ခါတရံမှာ...
မှန်ကန်ခြင်းတွေပါလာခဲ့ရင်
အချစ်က ခါးတယ်...။

ငါက တစ်မျိုးပဲ
ဒီလို နင်ရေရွတ်ခဲ့ရင်
နင်ငိုနေတာမမြင်ရက်လို့ 
ငါငိုနေတာလည်း နင်လှည့်မကြည့်ပါနဲ့ 
ငါ့စကားနင့်နားမှာခါးရင်
ငါ့ရင်မှာပိုပြီးခါးတယ်ကွဲ့ 
မျက်ကန်းတစ်ယောက်က
တစ္ဆေကို မကြောက်တတ်သလိုပဲ
လက်လှမ်းလို့ မမှီခဲ့ပေမယ့်
ကြယ်တွေကိုမှ ခူးဆွတ်ချင်ခဲ့တာ....။

ဘယ်လို ၀ဋ်ကြွေးတွေကြောင့်
ငါ့ကိုမှ ကွက်ပြီး
ဒီမိုးတွေ ခေါင်ခဲ့ရတာလဲကွယ်
ငါ့မှာတော့
လရောင်နဲ့ သွေးတဲ့ပန်းဓားတစ်လက်ကို
မက်မက်စက်စက်ရင်ခုန်
တစ်ဘ၀လုံး
မိုးစုန်းစုန်းချုပ်တဲ့အထိ
ငါသင်ကြားနားလည်ခွင့်မရတော့ဘူးလား
မေတ္တာတရားရဲ့ဘာသာဗေဒကို...။

ဝေးဝေးက အားပေးဖော်ရယ်
ကြယ်ကြွေတာမြင်တိုင်း
တစ်ခုတည်းသော ဆုကိုသာ
အခါခါ တောင်းခဲ့တယ်
´ငါ့ကို ခွင့်လွှတ်ပါ´.........။ ။

No comments:

Post a Comment