Friday, January 8, 2010

၄၃ မှ ၃၄ အဖြစ် သို့

“ တို့တွေ ထာဝရ မခွဲကြေးနော် ” တဲ့
ပြောခဲ့တဲ့ နင့်စကား
အထင်လွဲမှားမှု တစ်ခုကြားက
မြေစာပင်အလား …
တစ်ခဏနဲ့တင် လွင့်ပါးသွားခဲ့တယ်။

“ နင်ကငါ့ရဲ့ အချစ်ဆုံးပါ ” တဲ့
နင့်စကား ငါကြားယောင်ဆဲ
သံသယ တစ်ခုထဲမှာ
“ နင့်ကိုငါမုန်းတယ် ” ဆိုတဲ့
စကားအသစ် တစ်ခွန်းနေနဲ့
ပြောင်းလဲသွားခဲ့ရတယ်။

“ သူများစကား နားမယောင်နဲ့နော် ” တဲ့
နင့်ဘက်က စတောင်းဆိုခဲ့တာ
ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုအောက်
ပြားပြားမှောက်ပြီး …. သူများစကားနောက်
ကောက်ကောက်ပါအောင် နင်လိုက်သွားခဲ့တယ်။

“ တစ်ရက်မတွေ့လည်း လွမ်းတာပဲ ”
ဒီစကား ငါအခါခါ ကြားခဲ့လည်း
သိက္ခာရှုံးတဲ့ စွတ်စွဲမှုများနဲ့
“မေ့လိုက်တော့” ဆိုတဲ့ နောက်ဆက်တွဲ
ငါ့ရင်ကို ဟက်တက်ကွဲစေတယ်။

သူငယ်ချင်းရေ ….
ဆယ့်ငါးနှစ်ဆိုတဲ့ ခရီးတစ်လျှောက်မှာ
နင်နဲ့ငါ နှစ်ယောက်ကြား
ခိုင်မာတယ် ငါထင်မှတ်ထားတဲ့
ဒီသံယောဇဉ်နှောင်ကြိုး
ယိုးစွတ်မှု တစ်ခုနဲ့တင် ကျိုးပြတ်ခဲ့တယ်။

အမှန်မှာတော့ ငါမှားခဲ့တာပါ………..
နင့်အတွက် …………………..
ငါဆိုတဲ့ ခင်မင်မှု နှောင်ကြိုးနဲ့ ဆယ့်ငါးနှစ်ဆိုတဲ့ခရီး
သူဆိုတဲ့ ချစ်ခြင်း နှောင်ကြိုးနဲ့ ငါးလဆိုတဲ့ အနေနီးမှုမှာ
ငါသာလျှင် အားသာမယ်ထင်ခဲ့မိတာ ……..
ခုတော့လည်းလေ ….
နင့်ကိုဆုံးရှုံး သွားခဲ့တဲ့ နောင်တဆိုတာနဲ့
ငါသေသေချာချာ နားလည်လိုက်ရတာ
ချစ်တယ်နဲ့ မုန်းတယ်
လွမ်းလိုက်တာနဲ့ မေ့လိုက်တော့
ထာဝရနဲ့ တစ်ခဏ
ဒီအရာတွေကြား … ခြားထားတာ
အစမ်းသပ်မခံနိုင်တဲ့
အလွာပါးပါးလေးပါလားဆိုတာ။

No comments:

Post a Comment