Saturday, January 9, 2010

မလိုအပ်တော့တဲ့ကော်ဖီတစ်ခွက်

ချစ်သူ
မြတ်နိုးမှုကို ဘောင်ခတ်
အလွမ်းတွေရေးသီထားတဲ့
ပန်းချီတစ်ချပ် ငါ့ဆီများပို့ခဲ့လေသလား ~~~~~
အကွက်ချထားတဲ့
ဘ၀ ပုံသေနည်းထဲမှာ
မူးယစ်စွာ လမ်းလျှောက်နေတဲ့
ငါတို့နှစ်ယောက်
ချစ်ရက်နဲ့ ခွဲနေရတော့
ထုတ်ပြလို့မရတဲ့
အလွမ်းခါးခါးဖြစ်ပေမယ့်
ငါ သိပ်ကြိုက်တဲ့ ကော်ဖီတစ်ခွက်လိုပဲ
တရှိုက်မက်မက် သောက်နေရပြန်တယ် ~~~~~
အဲဒီအချိန်
ငါမြင်နေရတဲ့ ပန်းချီကားရယ်
ငါသောက်နေတဲ့ ကော်ဖီရယ်
ငါအိပ်စက်တဲ့ အခန်းကျဉ်းလေးရယ်
နွေးနေဆဲဖြစ်တဲ့ ရင်ခုန်သံတွေရယ်
နောက်ပြီး
တဖြည်းဖြည်း ပီပြင်လာတဲ့ မင်းပုံရိပ်ရယ်က
ငါ့ မျက်ရည်တွေကို လက်ယပ်ခေါ်နေတယ်လေ ~~~~~
ဒါကြောင့်
အမြန်လာခဲ့ပါ ချစ်သူရယ်
ငါ့ ဘ၀မှာ
ကော်ဖီတစ်ခွက် မရှိရင် ဖြစ်ပေမယ့်
မင်းမရှိရင် မဖြစ်တော့လို့ပါ ~~~~~

No comments:

Post a Comment