Monday, January 4, 2010

အချိန်လွန် နှင်းဆီ

ရင်ခုန်သံတွေရဲ့ ပထမဆုံးခြေလှမ်း
တစ်လှမ်းတည်းလဲ နယ်ကျွံတယ်
ချစ်သူရဲ့...
စံပယ်လို အပြုံး
သံယောဇဉ်တွေ ချည်ထုံးခဲ့ပြီလေ

ငါ့အခန်းရှေ့က
မျက်ဝန်းလှလှလေးရဲ့ ခြေရာ
ဟောဒီလို ဆည်းဆာတွေတိုင်း
စောင့်မျှော်နေခဲ့ပေါ့

ချစ်သူရဲ့ ဦးထိပ်ထက်က
ပိတုန်းရောင်တွေ
ညရဲ့လေပြေမှာ ၀ဲပျံတဲ့အခါ
မပိုင်သူရဲ့ဝေဒနာ
ဖြေစရာ မျက်ရည်တွေပဲပေါ့

ကောင်းကင်ရဲ့ အလင်းကို
ရင်ဘတ်ကျဉ်းကျဉ်းထဲ
ဆွဲမခေါ်ရက်ပါဘူး.
အဝေးကြီးကနေ မြတ်နိုး
ငါစိုက်ပျိုးခဲ့တဲ့သစ်ပင်ကို
ငါပဲ ပျိုးပါရစေ....... ချစ်သူ.

အဲဒီလိုနဲ့...
ချစ်သူနဲ့ အနီးဆုံး
မမြင်ကွယ်ရာမှာ
သေနေတဲ့ ကမ္ဘာတစ်ခုဖန်ဆင်းခဲ့မိတယ်.

ငါ့ရင်ခွင်ဘယ်ဘက်အခန်းထဲက
အလွမ်းဖွဲ့တဲ့ ဝေဒနာတွေရဲ့တေးသွား
ကြားနိုင်မလား.... ချစ်သူ ရယ်.
ကိုယ့်သံယောဇဉ်အတိမ်အနက်
ကိုယ်ပြန်တိုင်းရင်း
အရာရာ နုံချာလွန်းတဲ့ဘဝ
ဆွံ့အသလိုနေတတ်ခဲ့ပါပြီ.

အချိန်ရဲ့တိုက်စားမှုနဲ့
ဆုတ်ဖြဲခံလိုက်ရတဲ့
အိပ်မက်ကို ရှင်လျက်သေစေခဲ့ပေါ့
ငါမြတ်နိုးတဲ့ ပိတုန်းရောင်တွေမှာ
အမိုးပြာပြာကလေး
အုပ်မိုးပေးသူရှိခဲ့ပြီ
ငါစွဲလမ်းတဲ့
လေးညှို့နှုတ်ခမ်းတွေမှာ
အနမ်းလိပ်ပြာတွေရစ်ဝဲခဲ့ပြီ
ချစ်သူရေ...
မင်းခြေလှမ်းတွေ ဟောင်းမသွားပေမယ့်
ငါ့မျှော်လင့်ချက်တွေ နှောင်းသွားခဲ့ပြီ.

အဲဒီလိုနဲ့...
လပြည့်ညတွေမှာ
တစ်ယောက်တည်းကြီးပြင်း
ငါ့ဘ၀ အလင်းမဲ့ခဲ့ပြီ..... ချစ်သူ.

ငါ မြတ်နိုးတဲ့ နှင်းဆီ
နှင်းဆီမြတ်နိုးတဲ့ ကြင်နာသူ
မင်းတို့လက်တွေ မခွဲအတူရှိနေနိုင်ပါစေ.

အခုတော့....
အခန်းရှေ့က
ကြင်နာသူရဲ့ စွယ်တော်လမ်းကလေး
လွမ်းလွမ်းဆွေးဆွေးပဲ
ငေးကြည့်ဖြစ်ခဲ့တယ်.

ဆိုင်သူမသိခဲ့တဲ့
ရင်ထဲက သံယောဇဉ်ကိုတော့
တစ်သက်လုံးအတွက်
သော့ခတ်လို့သိမ်းထားဖြစ်ခဲ့ပြီ....

နှင်းဆီရေ....
ပန်သူမရှိမှ ရဲရဲနီတဲ့
ရင်ထဲက နှင်းဆီသစ်ပင်လေးအကြောင်း
နောင်ဘ၀မှပဲ...
စာလုံးပေါင်းပြပါတော့မယ်...... ချစ်တဲ့ နှင်းဆီ.

No comments:

Post a Comment