Friday, October 30, 2009

မျှော်လင့်ခြင်းဆန္ဒ

ဆန္ဒကိုဖုံးကွယ် မျှော်လင့်ခြင်းကိုမျိုချလို့
အေးစက်စက်ကြင်နာမှုတွေကို ဘယ်တော့မှ
မရိုးနိုင်အောင် လိုချင်နေခဲ့မိတာ
မင်းကို သိပ်ချစ်လို့ပါ ချစ်သူ။

ဖြစ်ချင်သမျှကို မျိုသိပ်
ဒဏ်ရာတွေကို ရင်မှာပိုက်လို့
ခံစားချင်တာတွေကို အံမထုတ်ရက်ခဲ့တာ
မင်းပျော်နေတာပဲ မြင်ချင်လို့ပါ ချစ်သူ။

လိုအင်ရမ္မက် ရင်မှာ ပြည့်နှက်
အတ္တစိတ်နဲ့ တွေးသမျှကို ပေါက်ထွက်ချင်ပေမယ့်လည်း
ပြန်လည်မျိုသိပ် ကြိတ်မှိတ်ခံစား
တိတ်တိတ်လေး ဆွေးနေမိခဲ့တာ
မင်းစိတ်ညစ်မှာစိုးလို့ပါ ချစ်သူ။

အချိန်တိုင်းအနားမှာ အရိပ်တကြည့်ကြည့်
နေချင်ခဲ့ပေမယ့် အချစ်က သတ်မှတ်ထားတဲ့
ဒုတိယဆိုတဲ့ ပညတ်ချက်ကြောင့်
သိပ်ချစ်ရတဲ့ အချစ်ရုပ်ကလေးကို
ခပ်ဝေးဝေးကပဲ ကြည့်ခွင့်ရခဲ့တယ်

သူစေရာသွား ခြေတွေမများတော့ဘဲ
ရေငုံနှုတ်ပိတ် အချစ်စိတ်နဲ့
အပြစ်မမြင် ချစ်ကြင်နာစွာ နေခဲ့မိတာ
မင်း ပစ်သွားမှာစိုးလို့ပါ ချစ်သူ။

သူ့စိတ်တိုင်းကျ အကြိုက်ဆောင်လို့
သူကျေနပ်ဖို့ကိုပဲ အမြဲတွေး သူ့ဆန္ဒကို ရှေ့မှာထား
သူ့စကားကို ယုံကြည်နေမိတာ
မင်းငါ့ကို ချစ်မယ်ထင်ခဲ့လို့ပါ ချစ်သူ။


ဝေးတစ်နေရာ ပြေးခွာကာ
ရှောင်ပုန်းနေမယ် စိတ်ကူးခဲ့မိ
သို့ပေမယ့် ဘယ်ခါ မခွဲ တူယှဉ်တွဲချင်တာ
ဆုံဆည်းခဲ့ဖူးတဲ့ နေ့တစ်ရက်
အရုဏ်ဦးထဲက မင်းမျက်နှာလေးကို
မမေ့နိုင်ခဲ့လို့ပါ ချစ်သူ။

No comments:

Post a Comment