Thursday, December 17, 2009

အသည်းကွဲ ပုရပိုဒ်ရဲ့ သွေးစက်များ

ငါ နောက်ကျဘူးတဲ့ ခေတ် . .

နာကျည်းရတယ် ဆိုပေမယ့်

ရောဂါဟောင်း တွေဆီပဲ

တစ်ထစ်ချင်း ဆက်တက်နေမိတယ် … … … ၊၊



မျက်နှာလွှဲထားချင်ပေမယ့်

ငြင်းပယ်ခွင့်မရှိတဲ့အခါ

လှောင်ရယ်သံတွေကို

မုန်း လိုက် တာ . . . . . .



ဒီကဗျာတွေကမှ. . .

ပန်းတွေ မပွင့်နိုင်ခဲ့တာ

ဘယ်သူမှ မမှားဘူးဆိုရင်တောင်

အမှန်တရားက ဘယ်မှာလဲ. . . .



ချောက်ကမ်းပါးလေးနားရပ်ပြီး

ယုံကြည်မှုတွေကို ထူထူထပ်ထပ်တည်ဆောက်မိတာပါ . .

ငြင်းဆန်ခြင်းတွေနဲ့ တွန်းချပစ်တဲ့အခါ

ဘာကြောင့် . . . နောက်ကျောကိုပါ ဓားနဲ့ ထိုးခဲ့တာလဲ … ၊၊



နင်မဖြေချင်ဘူးဆိုရင်လည်း

ငါ မေးနေဦးမယ်

ဘေးထွက်ထိုင်နေရတဲ့ အလေအလွင့်ကရော

စင်ပေါ် မျှော်ခွင့် မရှိဘူးလား ၊၊



နင်တို့ သတ်မှတ်ထားကြသလို

ငါ့ ရပ်တည်ချက်က စုတ်စုတ်နွမ်းနွမ်း ခွေးရူးတစ်ကောင်

ဘာပဲဖြစ်ဖြစ်….ဘယ်ခွေးရူးမဆို

တမွန်းတည့်တော့ ကောင်းစားချင်ကြမှာပါပဲ ၊၊



မျက်နှာလွှဲထားလိုက် . . .

သစ်ကိုင်းလွတ်နေတဲ့

လူမဖြစ်သေးတဲ့ မျောက်တစ်ကောင်

ဟောဒီမှာ….သေနေတယ် ၊၊



အမြဲတမ်း မြင်နေရမှ

အချစ်လို့ သတ်မှတ်ရင်. . .

မျက်မမြင်တွေရဲ့ အသည်းကို ဓားနဲ့မွှန်းပစ်လိုက် . . .

မမြင်ဘူးပဲ ချစ်ရတဲ့နှင်းတွေကို မီးမြိုက်ပစ်လိုက် . . .



လူရွှင်တော်တစ်ယောက်ရဲ့ ငိုသံကို ဟားတိုက်ခံရသလိုမျိုး . .

လူကြမ်းတစ်ယောက်ရဲ့ကြင်နာမှုကို ခဲအပေါက်ခံရသလိုမျိုး . .

အဲဒီလို. . . သိမ်ငယ်မှုမျိုးနဲ့

ငါ့ ကိုယ် ငါ တည်ဆောက်နေရတာပါ

အရသာမရှိဘူးထင်ရင်

မြောင်းထဲ လွှင့်ပစ်လိုက်ပါ .. …

တံတွေးနဲ့ မထွေးပါနဲ့ . .

အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ဓားနဲ့မမွှန်းပါနဲ့ . . .



အဲဒီလိုနဲ့…..

ပန်ဆင်ခြင်းမခံရတဲ့ သစ်ရွက်ကြွေလို ဆွေးတယ် ၊၊

အဲဒီလိုနဲ့…..

ကိုယ့် ကို ကိုယ် ခြွေ ချ ခဲ့ ရ ပါ တယ် ၊၊



မုန်းတယ်. . . .

နားနဲ့မကြားရပေမယ့် အဲဒီ ခေါ်သံတွေကို မုန်းတယ်

နောက်ကျောကိုဓားနဲ့ထိုးတဲ့ လက်ကို မုန်းတယ်

ရောဂါဟောင်းကို တူးဆွနေတဲ့ ငါ့လက်တွေကိုတော့

ငါ အ မုန်း ဆုံး ပဲ ……….၊၊ ၊၊

No comments:

Post a Comment