ချစ်တယ်ဆိုတဲ့စကား
အခါခါကြားခဲ့သလို
နာမ်စားတွေသာပြောင်းလဲခဲ့တယ်
တချို့က မကိုချစ်တယ်တဲ့
တချို့က မင်းကိုချစ်တယ်တဲ့
တချို့က ယူ့ကိုချစ်တယ်တဲ့
တချို့က … ကို ချစ်တယ်တဲ့
ချစ်တယ်ဆိုတဲ့စကား
အခါခါလည်းပြောခဲ့ဘူးတယ်
အခေါ်လေးတွေတော့မတူဘူးပေါ့
တခါတလေတော့လည်း မောင့်ကိုချစ်တယ်ပေါ့
တခါတရံတော့လည်း နင့်ကိုအချစ်ဆုံးပေါ့
နောက်တမျိုးကတော့လည်း ကိုကို့ချစ်တယ်ပေါ့
အချိန်တွေပြောင်းလဲတိုင်းမှာ
ပုံစံတွေပြောင်းလဲသွားသလို
အချစ်တွေလည်းပြောင်းသွားတဲ့အခါ
သဘောထားခြင်းမတိုက်ဆိုင်လို့တဲ့လား
ကိုယ့်ဘ၀ထဲမ၀င်ရဲလို့တဲ့လား
မိဘတွေစိတ်မဆင်းရဲစေချင်တာဆိုပဲ
အချစ်ကို ဦးစားမပေးနိုင်တော့လို့ပါဆိုလား
မင်းထက်သူ့ကိုပိုချစ်သွားတယ်ဆိုတာမျိုးလား။
ကိုယ်တိုင်ကပဲ ရွေးလွန်းတာလား
သူတို့ကပဲ ဆိုးလွန်းတာလား
ကံကြမ္မာကပဲသွေဖယ်တာလား
ပေါင်းစပ်မရတာတော့ ခက်လှပေါ့
ဒီလိုနဲ့ပဲ ချစ်တယ်ဆိုတဲ့စကားလဲ
တန်ဖိုးတွေမဲ့ ပိုင်ရှင်တွေပြောင်း
သောကပင်လယ်ဝေလို့
ဘယ်သောင်ဘယ်ကမ်း
ဆိုက်ရမှန်းတောင်မသိတော့ပါလားနော်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment