Monday, February 1, 2010

ရင်ဝေးလရိပ်

မရှေးမနှောင်းလေးတုန်းက
ခရမ်းရောင်မှာတမ်းတွေ ရိရော်ကြွေကျ
လမင်းခူးခဲ့တဲ့ စံပယ်ဖြူတွေနားမှာ
ပုံပြင်ထဲက ယုန်ဖြူလေးလည်း
သက်ပြင်းရှိုက်ကာ ခေါင်းငုံ့ နေခဲ့ရဖူးပါတယ်
တိမ်ဖုံးခဲ့တဲ့ လတစ်စင်းကတော့
အနောက်ဘက်ရပ်ဝန်းဆီမှာ
ကျောခိုင်းကာ ထိန်ထိန်သာနေလေရဲ့ 
တောင်တန်းစိမ်းတွေပေါ်က ငွေကြယ်ဖြူ
ဘယ်ဆီဘယ်နားမှာ အိပ်တန်းတက်နေရမလဲ
တွေးပူရင်းပဲ အိပ်ပျက်လွန်းခဲ့တယ်
အလှမ်းကွာလွန်းတော့လည်း
ဆို့ ကာနင့်ကာပဲ အရောင်တွေမှိန်လာခဲ့ရ …..
တိတ်တိတ်ဆိတ်ဆိတ်လေး ပျံ့ လွင့်လာတဲ့
လေပြေထဲက ညည်းတွားသံ
ငါ … ရင်ဘတ်ထဲက နားဆင်ခံစားမိလာတော့
ဒဏ်ရာအကြွေကောက်မိလို့ ရေထဲက ငါ့အရိပ်
ထင်ထင်ရှားရှား ပျောက်ဆုံးခဲ့ရတာပါတဲ့
ငါ့ … ဒဏ်ရာလား …. သူ့ ဒဏ်ရာလား ….
ဘယ်လိုပဲ ဖြစ်ပါစေ
အထိနာနာနဲ့ ပဲ ရှေ့ ကိုဆက်ကာ ရင်ကွဲနာကျလိုက်တော့မယ်
အချစ်ဆိုတာ ပုံသေကားချပ်တစ်ခုသာဖြစ်ခဲ့မယ်ဆိုရင်
အခန်းဆက်ဆိုတာ နာမည်ဆက်ထိုးဖို့ လိုမှမလိုအပ်တော့ပဲ
ငါ့ရဲ့ ငွေလမင်းလေးရယ် ….
နင် … ပျော်နေလိုက်ပါ
နင် …… ရယ်နေလိုက်ပါ
နင် ….. ပြုံးနေလိုက်ပါ
နင် …… ငါ့ဝိညာဉ်ကို ခြွေချလိုက်ပါ
ဆယ့်နှစ်ရာသီ စက်ဝန်းတွေ ဘယ်နှစ်ပတ်လည်နေနေ
လမင်းရယ်
ငါ့ရဲ့ ထွက်သက်တိုင်းထိ နင်နဲ့ ပတ်သတ်သမျှကို မြတ်နိုးရင်း
ပေးဆပ်ချင်နေသေးတယ်ဆိုတာ နင်သိစေချင်တယ်

No comments:

Post a Comment