Wednesday, February 3, 2010

သစ်ရွက်ကလေး၏ မာန

သစ်ရွက်တွေငေးနေရတာမောတယ်
ရိုးတံညှာချင်းထိစပ်နေမှချစ်ခြင်းတရားမဟုတ်ဘူး
တစ်ကိုင်းတည်းပွင့်ဝေနေရတာကိုက
မပြောင်းလဲမယ့်သစ္စာတရား

သူငယ်ချင်းဆိုတာ
ကျောက်သားအထပ်ထပ်ကြားက
အဆက်မပြတ်စီးကျနေတဲ့စိမ့်စမ်းရေ
နဂါးငွေ့တန်းဂလက်ဇီတစ်ခုလို
ကိုယ်ပိုင်ဝိသေသတွေနဲ့စုစည်းထားတဲ့အရာ

ကဗျာတစ်ပုဒ်လို
မေတ္တာဓာတ်ပြယ်ရင်
ပျက်စီးယိုယွင်းသွားနိုင်တဲ့အမှိုက်ပုံ

အရေးပေါ်ရင်
လျှပ်စီးလက်သလို
ထင်ရှားပြိုးပြက်နိုင်တဲ့သင်္ကေတ
ပျော်ရွှင်မှုမှာရယ်မောဖို့ထက်သန်သလောက်

ကျဆုံးရှုံးနိမ့်မှုမှာ
ကျောချင်းကပ်ထားဖို့ဝန်မလေးသူတွေ

သူငယ်ချင်း . . .မိတ်ဆွေ . . . ကျွန်မ
ဘ၀ရဲ့မသေချာမှုပွဲတော်မှာ

အသေချာဆုံး
သံယောဇဉ်တရားကို
အတူတကွလက်တွဲခေါ်ဆောင်သွားကြပါစို့

No comments:

Post a Comment