Tuesday, November 3, 2009

အတွေးမော

မတွဲရသေးတဲ့ ငါတို့လက်တွေကို ဖြုတ်နိုင်ဖို့...
ငါ အကြိမ်ကြိမ် အားထုတ်ဖူးတယ်...
ချည်တုပ်ခြင်းခံထားရတဲ့ နွယ်တစ်ပင်ကြောင့်...
အကျယ်ချုပ်နဲ့ ငါ နောက်ဆုတ်ဆုတ်သွားရမြဲပါပဲ...

သူ့ကို ထားမသွားနိုင်ဖို့...
တားထားခံရတဲ့ စည်းတွေကို...
ငါ ဘယ်လောက် ခါးသီးစွာနဲ့...
ဖြတ်လျှောက်နေရမှန်း သူမသိဘူး...
လား...ပေါင်းများစွာရဲ့ အလယ်...
သူ့နောက်ကွယ်မှာ...
ငါ ဘယ်သူတွေနဲ့ စစ်ခင်းနေရမှန်း သူမသိဘူး...
ဝါးတားတား အိပ်မက်တွေနဲ့...
ငါ ဘယ်နှစ်ကြိမ်မြောက် သက်ပြင်းမောတွေ...
မှုတ်ထုတ်ဖြစ်နေမှန်း သူမသိဘူး...
သူကြားချင်တဲ့ စကားတစ်ခွန်းထက်...
သူလိုချင်တဲ့ ဘဝမျိုး...
ငါ ဘာတွေနဲ့ လဲလှယ်လို့ ကြိုးစားယူရမယ်မှန်း...
သူမသိဘူး...
ထမ်းထားရတဲ့ တာဝန်ကိုယ်စီတွေနဲ့မို့...
သူရော ငါရော တကယ်တမ်းမှာ လက်တွဲနိုင်ဖို့ဆိုတာ...
ငါ့အတွက် ဘယ်လောက် ကြမ်းတမ်းမယ်မှန်း...
သူမသိဘူး...
ခြားနားမှု အများအပြားတွေကြား...
ငါ ဖြစ်စေချင်တာတွေ သူဖြစ်လာဖို့...
အသံတိတ်နဲ့ ငါ ကျိတ်ကျိတ်ဆုတောင်းနေမှန်း...
သူမသိဘူး...

ငါက တစ် သူကလည်း တစ်...
တစ် နဲ့ တစ် ပေါင်းပြီး...
အနှုတ်လက္ခာတွေနဲ့ ဘဝတွေကိုလည်း...
ငါ ဈေးဆစ်မခံချင်ဘူး...
ဒါပေမယ့် မပစ်ရက်တဲ့ မီး...
ဆက်ကိုင်မိတော့... ငါ လောင်ကျွမ်းတယ်...

လူတွေရဲ့အမြင်ကိုပယ်...
သူ့အပြစ်မှန်သမျှကိုလည်း ဖယ်...
တကယ်က ငါ မိုက်မဲစွာ တွယ်တာမိတာကိုပဲ...
အပြစ်ဖို့သင့်တာ...
ငါ မှားလား ငါ မှန်လား...
ပြတ်သားတယ်လို့ ငါ ယုံကြည်တဲ့ ငါ...
ထုံကျဉ်ကျဉ် ဝေဒနာတစ်ခုနဲ့...
ဆေးတစ်ချို့ကို ငါ ခြယ်သ,လိုက်တော့...
နုနယ်တဲ့ ငါ့အတွေးတွေက မောစေတယ်...

အချစ်ကိုအချစ်ခြင်းထပ်ဖို့ လွယ်ကူပေမယ့်...
ဘဝကိုဘဝခြင်းထပ်ဖို့ ခက်ခဲလွန်းတယ်...
ငါ လမ်းတိုမှာ ခဏ မနားချင်ဘူး...
ဘဝလမ်းရှည်မှာ ငါ လျှောက်နိုင်ဖို့...
ငါ ထုဆစ်ရမှာက...
သူနဲ့သက်ဆိုင်တဲ့ နှလုံးသားတစ်စုံလား...
ငါ့အသိုင်းအဝိုင်းနဲ့ပတ်သက်တဲ့ နှလုံးသားတစ်စုံလား...
သေချာတာက ကျောက်ဆစ်မဟုတ်တဲ့...
ငါ့ရင်တစ်ခြမ်း မွမွကြေလိမ့်မယ်...

No comments:

Post a Comment