Monday, May 25, 2009

ခရေကောက်လက်တစ်စုံ

မြတ်နိုးမှုခရေ
ရိုးတံမဲ့ခဲ့ပေမယ့်
အအုပ်အသင်းနဲ့ ပွင့်တဲ့ပန်းပေါ့
လေပြည်သရမ်းပါစေ
မပွင့်ခင်ကြွေတတ်တဲ့ ပန်းမဟုတ်လေတော့
ပန်းခြောက်အဖြစ်နဲ့တောင်
ရနံ့မပြယ်ခဲ့ဘူး ။
ကြွေသမျှကောက်
ရသလောက်သီ
အစီအရီပန်ဆင်ဖို့
တယုတယနဲ့ကောက်လို့
ရင်ခွင်ထဲရောက်အောင်နမ်းခဲ့ဖူးတယ် . .
အချစ်ကို ခေါင်းပန်းလှန်ကြည့်တဲ့အခါ
အရှုံးနဲ့အမုန်းပဲကျတယ်
ပြုံးပြုံးလေးကျေနပ်ခဲ့ပေမယ့်
ကျန်တာတွေမစမ်းရဲတော့ဘူး
ထူးထူးကဲကဲချိုမြိန်မယ်ထင်ခဲ့တာ
ရှူးရှူးရှဲရှဲပူလောင်သွားတဲ့အဖြစ်လေ . . . . . .
အချစ်ကိုပုန်းရှောင်ချင်မိပါရဲ့
အမြစ်ကတွယ်ခဲ့လေတော့
ဆုပ်လို့ပဲဆူးဆူး စားလို့ပဲရူးရူး
အလွမ်းဆိုတဲ့မြစ်တစင်း
ထင်းခနဲမြင်လိုက်ပြီးပြီပဲ
ငါ့အတွက်
ဒီတစ်လမ်းပဲရှိပါတယ် . . .။

No comments:

Post a Comment