Monday, December 14, 2009

သမုဒယအလွမ်းများအကြောင်း

တစ်စုံတစ်ခု
ကျပျောက်သွားတဲ့အခါ

တစ်စုံတစ်ခုလစ်ဟာစမြဲ




မျက်နှာသစ်
မျက်နှာဟောင်းများကြားမှာ

လေဟာနယ်တစ်ခုဖြစ်တည်ခဲ့


သူ့တစ်မျက်နှာလေးနှုတ်လိုက်တော့
ပတ်ဝန်းကျင်ဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့
သတင်းတစ်ပုဒ်မဟုတ်တော့ဘူး


လွမ်းစိတ်က

စမ်းရေစီးသလို သဲ့သဲ့ကလေး

တယောထိုးသလို ညက်ညက်ကလေး

ခိုးဝှက်ရှိုက်သံလို သိမ့်သိမ့်ကလေး

ငှက်ကလေး . . . ဟိုး

အဝေးကိုပျံသွားပြီ


လှုပ်ခါသွားတဲ့သစ်ကိုင်းပေါ်မှာ
သတိရခြင်းတွေ
ပေကျံတိုက်ချွတ်မရ


သော့ပျောက်လို့ဖွင့်မရတဲ့အခန်းလို
ပျော်ရွှင်မှုတွေထည့်သွင်းမရ


ဘ၀တစ်ခုလုံးပြာကျသွားတဲ့အထိ
မျှော်လင့်ခြင်းမှတ်တိုင်မှာ
စောင့်နေဦးမယ့်သစ္စာတရား


ကမ္ဘာဦးကပျိုးခဲ့တဲ့မီးဟာ
ခေတ်အဆက်ဆက်လောင်ခဲ့တယ်


သူကတစ်ဆင့် ငါကတစ်ဆင့်
သမုဒယမီးလျှံကြားမှာ
ပျံသန်းခဲ့သော
လိပ်ပြာခြေရာများအတိုင်း
အဆုံးမရှိသဘာဝ

No comments:

Post a Comment