Thursday, February 18, 2010

ညီမလေးနဲ့ ပြန်တွေ့တဲ့နေ့တုန်းက ရေးခဲ့တဲ့ကဗျာ

ခေတ်မီ အင်တာနက်ကမ္ဘာကြီးရဲ့
ကြီးမြတ်တဲ့ မဟာကျေးဇူးတော်ကြောင့်
ငါတို့အချင်းချင်းကြား ဖြတ်တောက်ခြင်းခံထားရတဲ့
ဆက်သွယ်မှု တေးစာသားတွေကို
တံတားတခုအဖြစ်
ခုလို…ပြန်ဆက်ခွင့်ရခဲ့တာပေါ့ ညီမလေးရယ်….
ဆယ်စုနှစ်တွေ ဘယ်လောက်ခြားခြား
ယူဇနာမိုင်တွေ ဘယ်လောက်ဝေးဝေး
တသွေးတစိတ်တည်း ဆက်သွယ်ထားမှုမှာတော့
ခေတ်မီနည်းပညာတွေ မလိုခဲ့သလို
မာစတာနဲ့ ပီအိတ်ခ်ျဒီဘွဲ့တွေလည်း မလိုခဲ့ပါဘူး….
ညီမလေးရေ
ငါတို့ စိတ်အချင်းချင်း ထုံကူးထားခဲ့ကြတဲ့
သတင်းပွင့်နဲ့ စကားပန်းတွေရဲ့
သင်းရနံ့တွေကိုတော့
ဘယ်လို မာရ်နတ်မျိုးတွေကမှ
သူတို့ရဲ့ မာယာအတတ်တွေနဲ့
ခိုးယူလှည့်ဖျား စည်းခြားလို့ရခဲ့မှာမဟုတ်ပါဘူးကွယ်…..

တခေတ်တခါဆီက
နှလုံးသားရှိသူတွေနေတဲ့ အရပ်မှာ
ရင်ဘတ်နဲ့ စိုက်ခဲ့ကြဖူးတဲ့
အဖြူထည်သက်သက် သစ်တပင်ထက်က
ဆန္ဒသစ်ရွက် ကိုင်းဖျားခက်လက်တွေပေါ်မှာ
ခေတ်အဆက်ဆက် မနွမ်းတဲ့ပန်းတွေ
တပွင့်ကြွေရင် နှစ်ပွင့်ဝေနေမယ်ဆိုတာ
ကမ္ဘာကုန်တည်သမျှ
ယုံကြည်စိတ်ချထားပါတယ် ညီမလေးရယ် …။
ခေတ်မီနည်းပညာတွေရဲ့
ကျေးဇူးတော်အနန္တကြောင့်
အခုရေးဖြစ်တဲ့ ဟောဒီကဗျာဟာ
ညီမလေးရဲ့ ရင်ဘတ်ထဲမှာ
ခွန်အားတခုအဖြစ် ပွင့်သစ်ပါစေလို့ဆုတောင်းရင်း
တရားမဲ့ခြင်းတွေ ချုပ်ငြိမ်းစေဖို့ …….အာမင်.။

No comments:

Post a Comment